အရိုးအတွင်း ပိုးဝင်ခြင်းဆိုသည်မှာ
Osteomyelitis လို့ခေါ်တဲ့ ကျန်းမာရေးပြဿနာဟာ အရိုးအတွင်း ပိုးဝင်ပြီးနောက်မှာ အရိုးတစ်ရှူးတွေကို နီရဲရောင်ရမ်းစေတဲ့ အရိုးကျန်းမာရေးပြဿနာတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။ များသောအားဖြင့် မတော်တဆမှုတစ်ခုခုကြောင့် အရိုးထိခိုက်ပြီးနောက်မှာ ပိုးဝင်ရာကနေ ဖြစ်လာတတ်ပြီး
- ရုတ်တရက် ယာယီဖြစ်တာ
- နာတာရှည် ပြဿနာလို ဖြစ်လာတာ
- ဖွံ့ဖြိုးမှုနှေးကွေးပြီး ဖြည်းဖြည်းချင်းပိုဆိုးသွားတတ်တာဆိုပြီး အမျိုးအစားတွေ အများကြီး ခွဲနိုင်ပါတယ်။
ဖြစ်စေတဲ့ အကြောင်းရင်းများ
- ကိုယ်တွင်းအင်္ဂါကနေ ပျံ့နှံ့သွားတဲ့ ရောဂါပိုးတစ်မျိုးက သွေးကြောကနေတစ်ဆင့် အရိုးရဲ့ အားနည်းနေတဲ့အစိတ်အပိုင်းထဲကို ဝင်သွားတာ
- ဒဏ်ရာအနာဖြစ်တဲ့အခါ အပြင်ကနေ ဝင်လာတဲ့ ရောဂါပိုးက နီးစပ်ရာအရိုးကို သွားပြီး ဝင်ရောက်တာ
- ထိခိုက်ဒဏ်ရာကြောင့် အရိုးက ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်လာပြီး အပြင်ဘက်က ရောဂါပိုးတွေနဲ့ ထိတွေ့သွားတာ
- ခွဲစိတ်ကုသမှုခံယူနေစဉ် တစ်နေရာကနေ တစ်နေရာ ရောဂါပိုးတွေ ဆင့်ပြောင်းကူးသွားတာ
- ကိုယ်ခံအားစနစ်ထိခိုက်ထားသူ၊ ဆီးချိုရောဂါရှိသူ၊ ကင်ဆာကုထုံးလို ပြင်းထန်တဲ့ ကုထုံးတွေနဲ့ ကုသမှုခံယူနေသူတွေမှာ ကိုယ်တွင်းကနေ အလိုအလျောက် ရောဂါအမြစ်ပျိုးလာတာ
- သွေးစီးဆင်းမှုဆိုင်ရာ ပြဿနာရှိနေတာ စတာတွေကြောင့် အရိုးတွင်း ပိုးဝင်နိုင်ပါတယ်။
ရောဂါလက္ခဏာများ
ဖြစ်ရတဲ့ အကြောင်းရင်းခံနဲ့ ရောဂါပြင်းထန်ပုံပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြားသွားနိုင်ပါတယ်။ ယေဘုယျလက္ခဏာတွေအနေနဲ့ ကြည့်မယ်ဆိုရင်
- အဖျားတက်တာ
- ပိုးဝင်တဲ့နေရာမှာ နာကျင်မှုခံစားရတာ
- အရိုးက ပျော့ပြီး နီရဲရောင်ရမ်းနေတာ၊ ပူနွေးနေတတ်တာ
- အရိုးအဆစ်လှုပ်ရှားရခက်ခဲတာ
- အလေးအပင် ပင့်မလို့မရတာ
- ခါးက တောင့်တင်းနေတာ
- လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ ဖြစ်နေတတ်တာ စတာတွေကို တွေ့နိုင်ပါတယ်။
ရောဂါကို စစ်ဆေးခြင်း
အပေါ်မှာ ပြောထားခဲ့တဲ့ လက္ခဏာတွေကို အချိန်ကာလတစ်ခုကြာအောင် မပျောက်သွားဘဲ ခံစားနေရတယ်ဆိုရင် အရိုးအဆစ်အထူးကု ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ အပြင်ပန်းအခြေအနေကို သုံးသပ်ကြည့်ပြီးတဲ့အခါ
- သွေးစစ်ခြင်း
- CT Scan ဖတ်ခြင်း
- MRI စစ်ခြင်း
- X-Ray ဓာတ်မှန်ရိုက်ခြင်း
- အရိုးနမူနာယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးခြင်း စတဲ့ နည်းလမ်းတွေနဲ့ ရောဂါကို စစ်ဆေးနိုင်ပါတယ်။
ရောဂါကို ကုသရာမှာတော့
- အသက်အရွယ်
- ယေဘုယျ ကျန်းမာရေး
- နောက်ခံ ရောဂါရာဇဝင်
- ကျန်းမာရေးပြဿနာရဲ့ ပြင်းထန်မှုအခြေအနေ
- ကုထုံးတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှု အတိုင်းအတာ စတာတွေအပေါ် မူတည်ပြီး ဆရာဝန်ဘက်ကနေ ကုထုံးနည်းလမ်းတွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေထဲမှာ ဆေးရုံတက်ပြီး IV ပဋိဇီဝပိုးသတ်ဆေးသွင်းရင်း ကုသမှုခံယူတာ၊ ခွဲစိတ်ကုသမှု ခံယူတာ၊ ပိုးဝင်တဲ့နေရာကို လှုပ်ရှားမှုမပြုဘဲ အိပ်ရာမှာပဲ ငြိမ်ငြိမ်သက်သက် အနားယူကုသစေတာ စတဲ့ နည်းလမ်းတွေကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။
အရိုးအတွင်း ပိုးဝင်ခြင်းဟာ စစဖြစ်ခြင်းမှာ သိပ်မပြင်းထန်သေးတဲ့တိုင်အောင် မကုသဘဲ အချိန်ကြာမြင့်စွာ ပစ်ထားမယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့
- အရိုးဆွေးမြေ့သွားတာ
- ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားတာ
- အရိုးကနေ အဆစ်ကိုကူးပြောင်းရင်း အဆစ်ရောင်ရောဂါတွေ ဖြစ်လာတာ
- အရေပြားကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်မှာ အရိုးအတွင်း ပိုးဝင်နေတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ရောဂါစစ်ဆေးကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်